စောက်ရူး

July 13, 2006 at 11:06 am (Uncategorized)

စောက်ရူး

စောက်ရူး ဆိုသော အသုံးအနှုံးကို ရိုင်းပြသည် ထင်သူများ ဤစာကို ဖတ်ရန် မလိုအပ်ပါ။ ဤစာထဲတွင် စောက်ရူးဆိုသော စကားလုံး အကြိမ်ပေါင်း ၂၉ ကြိမ်တိတိ ပါကြောင်း ကြိုတင် သတိပေး လိုက်ပါတယ်။ သင်တို့ လူကြီးလူကောင်း၊ လူလိမ္မာ လောကမှ ကျွန်ုပ်တို့အပေါ် သတ်မှတ်ရန် ဤမျှ ပြည့်စုံထိရှသော စကားလုံး ရှာမရသောကြောင့် အားပါးတရ သုံးစွဲလိုက်ရခြင်း ဖြစ်ပါတယ်။

(၁)
လက်ထဲမှ ကျမ်းစာအုပ်ကို အစိတ်စိတ်အမွှာမွှာ ဖြဲဆုတ်ပစ်လိုက်တယ်။
ကျွန်တော်က စောက်ရူးတစ်ကောင်ပဲ ဖြစ်ပါတယ်။

(၂)
ဘ၀မှာ သေရင် ဘာမှပါမသွားဘူး။ လူသာသေပါစေ နာမည် မသေပါစေနဲ့တဲ့။ နာမည် မသေတော့ရော ကျွန်တော့်ဆီ ပါလာမှာလား။ ကျွန်တော်က စောက်ရူး တစ်ကောင်ပါ။ နာမည် တစ်လုံးအတွက် ဘ၀ကို တုန်းတိုက်တိုက် ကျားကိုက်ကိုက် မရူးမိုက် လိုပါဘူး။ ရေဆိုတဲ့ နာမည်ကို ခင်ဗျားတို့ ပေးခဲ့တယ်။ မီးဆိုတဲ့ နာမည်ကိုလည်း ခင်ဗျားတို့ပဲ ပေးခဲ့တယ်။ တကယ်လို့များ မီးကိုရေ ရေကိုမီး ဆိုပြီးသာ နာမည်တွေ ပေးခဲ့ရင် မီးတိုက်စားတယ် ရေလောင်တယ် ဆိုပြီး ခင်ဗျားတို့ ပြောကြဦးမယ်။ ခင်ဗျားတို့ ပါးစပ်တွေ ကျယ်သလောက် အာပေါက် လျှာပေါက် ပြောတတ်လွန်း ပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို စောက်ရူးလို့ပဲ သတ်မှတ်ပေးပါ။

(၃)
စီးကရက်ကို မီးညှိပြီး ဖွာရှိုက်လိုက်တယ်။ ကျွန်တော့် မကောင်းမှုတွေက ထွက်လာတဲ့ အခိုးအငွေ့ တွေနဲ့အတူ နှင်းတွေကြားက မြင်ကွင်းတစ်ခုလို ဝေေ၀၀ါးဝါး။ မကောင်းမှုတွေကို အခိုးအငွေ့တွေနဲ့ ရောယှက်ပစ်လိုက်တယ်။ သင်တို့အားလုံး အမှန်ကို မမြင်နိုင်တော့ဘူး။ မကောင်းမှု စစ်စစ်တွေကို မတွေ့နိုင် တော့ဘူးပေါ့။ ကျွန်တော်က စောက်ရူး တစ်ကောင်ပါ။ ဟန်ဆောင် တတ်တာလောက်တော့ စောက်ရူး တစ်ကောင်လည်း အသာလေး လုပ်တတ်တယ် ဆိုတာ ပြောပါရစေ။

(၄)
ကျွန်တော် ထမင်းမစားရတာ ၁၃ ရက်ရှိခဲ့ပြီ။ ကျွန်တော်ဆာတယ်။ ထမင်းကို ဆာနေတာထက် အသက်ရှင်သန်မှု ဆိုတာကြီးကို ဆာလောင် နေတာပဲ ဖြစ်ပါတယ်။ ကျွန်တော် ထမင်းကို မစားဘူး။ အသက်ရှင်နေထိုင်မှုဟာ အချိန်မကျရောက် သေးလို့ ကျွန်တော့်ကို ဆာလောင်စေတယ်။ ကျွန်တော် မဆာလောင်တဲ့ တစ်နေ့ကျရင် ကျွန်တော်ငြိမ်းချမ်း သွားလိမ့်မယ်။ ကျွန်တော်က စောက်ရူး တစ်ကောင်ပါ။ အသက်ရှင် နေထိုင်မှုအတွက် ဆာလောင်ခြင်း ဆိုတာကို ကျွန်တော်က ခင်ဗျားတို့ထက် ၀ါဒရေးရာပိုင်းမှာ ပိုပြီးသိနားလည် ပါတယ်။

(၅)
တခါက လူတစ်ယောက်က လိုချင်တာပြော ရစေရမယ် ဆိုပြီး နောက်ဆုံးအနေနဲ့ ပြောပါတယ်။ ကျွန်တော်က သူအမြတ်နိုး တန်ဖိုး အထားဆုံး အရာတစ်ခုကို တောင်းလိုက်ပါတယ်။ ကတိတည်လွန်းတဲ့ ထိုသူက အဲဒီပစ္စည်းကို ကျွန်တော့်ကို တကယ်ပဲ ပေးခဲ့ပါတယ်။ ဒါပေမယ့် သူကတစ်ခုပြောတယ်။ ကတုံးပေါ် ထိပ်ကွက်တာ ခံလိုက်ရတယ်တဲ့။ ဟုတ်ပါတယ် တကယ်ကိုပါပဲ၊ အဲဒီသူမှာ ဆံပင်မရှိပါဘူး။ ကျွန်တော်က လက်ထဲက စာအုပ်ကိုသူ့ကို ပြလိုက်တယ်။ လူတစ်ယောက်ဟာ မြစ်တစ်ခုထဲမှာ ရေနှစ်ခါ မချိုးနိုင်ဘူးတဲ့။ အခွင့်အရေး ဆိုတာလည်း နှစ်ခါ မရတတ်ပါဘူး။ ဒါပေမယ့် သူကျေနပ်မယ် ဆိုတာ ကျွန်တော် သိနေပါတယ်။ သူသေဆုံး သွားတဲ့ နောက်မှာ အဲဒီ စောက်ရူး တစ်ကောင်က သူ့ပစ္စည်းကို မြတ်မြတ်နိုးနိုး သိမ်းထားခဲ့တယ် ဆိုတာ။

(၆)
ကျွန်တော် အ၀တ်လျှော်နေတယ်။ လမ်းထိပ်က ဒိုဘီလူကြီးက ပြောတယ်။ ခင်ဗျား အ၀တ်တွေက ညစ်ပတ်နေတယ်တဲ့။ တကယ်တမ်းက အသစ်စက်စက် အခုမှ ၀ယ်ထားခဲ့တဲ့ အ၀တ်တစ်စုံပါ။ သူက ဆက်ပြောတယ်။ ခင်ဗျားစ၀တ် ကတည်းက ညစ်ပတ် နေခဲ့တာတဲ့။ သူ့ဆီမှာ အပ်ဖို့ပြောတယ်။ ကျေးဇူးတင်ပါတယ်။ ဟောဒီစောက်ရူးမှာ လက်နှစ်ဖက် ပါပါတယ်။ ကိုယ်ဝတ်တဲ့ အင်္ကျီလေး ညစ်ပတ် နေမယ်ဆိုရင် ဟောဒီ လက်နှစ်ဖက်နဲ့ လျှော်ဖွတ်ပါမယ်။ ခင်ဗျားကို အပ်ပြီး ခင်ဗျားရဲ့ အနံ့အသက်တွေ ကူးစက် မခံပါရစေနဲ့။ သူက သနားတဲ့ ပုံစံနဲ့ကြည့်တယ်။ အခမဲ့ ပါတဲ့။ ပိုပြီး ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဆိုတဲ့ ကောင်က သူများဆီက နဲနဲလေးမှ အခမဲ့ မလိုချင်ပါဘူး။ ကျေးဇူးတရားဆိုတာ နစ်မွန်းစေတတ်တာ စောက်ရူးရဲ့ အဘိဓာန်မှာ အတိအလင်း ရေးမှတ်ထားပါတယ်။

(၇)
ကျွန်တော့်ကို နှစ်သစ်ကူး တစ်ခုရဲ့ နံနက်ခင်းမှာ မေမေက မွေးခဲ့တယ်။ ရင်ပတ်လည်မှာ မှည့်စလွယ် သိုင်းနေတဲ့ ကျွန်တော့်ကို သူတို့က ငယ်ငယ်ထဲက အရမ်းမျှော်လင့် ခဲ့ကြတယ်။ တခုခုတော့ ထူးခြားမယ်ပေါ့။ တခုခုတော့ ဖြစ်လာလိမ့်မယ်ပေါ့။ ကျွန်တော်က ဂျော်ဒါနိုဘရူနိုကို ချစ်တဲ့ကောင်၊ ဆိုကရေးတီးကို ချစ်တဲ့ကောင် ဂယ်လီလီယို ကို မုန်းတဲ့ကောင်လေ။ ဟုတ်ကဲ့ ဖြစ်လာခဲ့ပါတယ်၊ စောက်ရူးတစ်ကောင်။ အမှန်တရားအတွက် အသက်စွန့် ရဲတဲ့ ကျွန်တော်မြတ်နိုးရာ လူတွေနဲ့အတူ ကျွန်တော် စောက်ရူးတစ်ကောင် ဖြစ်လာခဲ့ပါတယ်။ နောင်နှစ်ပေါင်း တစ်ရာလောက် ကြာခဲ့ပြီး မြန်မာပြည်မှာ ရီနေဆွန်းဆိုတဲ့ အချိန် ရောက်ခဲ့ရင်တောင် ကျွန်တော့် ကို မှန်တယ်လို့ မသတ်မှတ်ကြပါနဲ့။ ကျွန်တော်က စောက်ရူး တစ်ကောင်သက်သက်ပါ။ ကျွန်တော်မှန်တယ်ထင်ရင် ဘ၀တစ်ခုလုံးပေးရဲတဲ့ စောက်ရူး တစ်ကောင်ပေါ့။

(ဂ)
ကျွန်တော် ညနက်နက်မှာ တစ်ယောက်ထဲ ထိုင်နေတယ်။ ကျွန်တော်ထိုင်နေရာ အိမ်ခေါင်မိုးပေါ်က ကြည့်ရင် ကြယ်တွေကို မြင်နေရပါတယ်။  အစအဆုံး မမြင်နိုင်တဲ့ ကောင်းကင် လွင်ပြင် တလျောက်မှာ ကျွန်တော့် စိတ်တွေက ကြယ်သွားရာ လမ်းကြောင်း တွေနဲ့အတူ လွင့်မျော နေတယ်။ ကျွန်တော်က သီချင်းသံ တိုးတိုးလေးကို ဖွင့်လိုက်တယ်။ ဗီသိုဘင်ရဲ့ မွန်းလိုက် ဆိုနာတာ။ ခင်ဗျားတို့ရဲ့ ချစ်ခြင်းတရားက ဘာပါလဲ။ ကျွန်တော်ရဲ့ စိတ်တစ်ခုလုံးဟာ တိတ်ဆိတ် ငြိမ်သက်တဲ့ ကောင်းကင် အောက်မှာ စန္ဒယားသံရဲ့ ခေါ်ဆောင်ရာကို ပါသွားတယ်။ အလွမ်း အကြွင်းအကျန် တစ်ချို့က ကျွန်တော့် သတိရခြင်းကို ဖြစ်စေတယ်။ အရာရာဟာ ငြိမ်းချမ်းလိုက်တာ။ အပူအပင်တွေ အားလုံး မေ့သွားတယ်။ လူတွေရဲ့ ယုတ်မာမှုတွေကို မေ့သွားတယ်။ ကျွန်တော် မျက်ရည်တချို့ ကျလာတယ်။ သာမန် လူတွေအတွက် အံ့သြစရာ ဖြစ်နေကောင်း ဖြစ်နေနိုင်ပေမယ့် ကျွန်တော်လို စောက်ရူးတစ်ကောင် မျက်ရည်ကျတာ ကျွန်တော့် အတွက်တော့ ဘာမှ မထူးဆန်းလှပါဘူး။ အားလုံးရဲ့ ချစ်ခြင်းတရားတွေ ဖြူစင်မှုတွေ သံယောဇဉ်တွေ အမှတ်တရတွေနဲ့ မေတ္တာတရား သက်သက်တွေကို ခံစားရတဲ့အခါ ခင်ဗျားတို့ မျက်ရည် မကျဖူးဘူး ဆိုရင် ကျွန်တော် ပြောသလို ညနက်နက်ထဲမှာ တစ်ယောက်ထဲ ဗီသိုဘင်ရဲ့ မွန်းလိုက်ဆိုနာတာ လေးကို နားထောင်ကြည့်ပါလို့ အကြံပြုပါရစေ။

(၉)
အလှတရားကို ခင်ဗျားတို့ဟာ မမြင်ဘူး။ ပီကာဆို တစ်ခါက ပြောဖူးတယ်။ ဘာလို့ အလှတရား ဆိုတာကို ပြဌာန်းချက်တွေနဲ့ လိုက်ရှာ နေကြတာလဲတဲ့ ခင်ဗျားတို့ ချစ်တတ် မြင်တတ်ရင် လောကထဲက အရာရာဟာ အရမ်းကို လှပါတယ်တဲ့။ လိုက်ရှာနေဖို့ မလိုပါဘူးတဲ့။ ခင်ဗျားတို့ ဘာကိုလိုက်ရှာ နေတာလဲ။ ဟောဒီ စောက်ရူးရဲ့ ရင်ဘတ်မှာလည်း သူများနဲ့မတူတဲ့ ချစ်တတ်ခြင်းဂီတ ရှိပါတယ်။ နားစိုက်ထောင် သူတွေသာ ကြားနိုင်တဲ့ သာယာသောအသံ သဲ့သဲ့လေး ဖွင့်ထားပါတယ်။

(၁၀)
တချို့က ကျွန်တော့်ကို မေးတယ်။ စောက်ရူးရယ် ဘာလို့ ဆေးလိပ် သောက်တာလဲ ဘီယာ သောက်တာလဲတဲ့။ ဟုတ်ကဲ့ ဘာမှမတတ်သေးတဲ့ ကလေးကို စာစသင်ရသလို ခင်ဗျားတို့ကို ရှင်းပြဖို့ခက်ပါတယ်။ ခင်ဗျားဟာ ပတ်ဝန်းကျင်ကို စကား မပြောချင် တော့တဲ့အခါ၊ ခင်ဗျားဘေးမှာ ဘယ်သူမှ ရှိမနေတော့တဲ့ အခါ၊ နေရထိုင်ရ လောကကြီးကို စိတ်ညစ် လာတဲ့အခါ အဲဒီစောက်ရူးက ဆေးလိပ်သောက်ပါတယ်။ အဆုပ်မှာ ဇကာပေါက် ဖြစ်စေတယ် ဆိုတာကို သိတယ်။ နှလုံးထဲမှာ စူးပြီး အောင့်တဲ့အထိ ဒုက္ခပေးတယ် ဆိုတာကိုလည်း သိပါတယ်။ ဆေးလိပ် သောက်နေရတဲ့အခါ သူများကို စကား မပြောဖြစ်တော့ဘူး။ စကားစကား ပြောဖန်များ စကားထဲက ဇာတိပြ ဆိုတဲ့ ကျမ်းစာစကား တွေကိုလည်း နားထောင်ရာ၊ လိုက်နာရာ ရောက်ကြောင်း၊ ငြင်းခုန် လိမ်ညာမှု တွေကနေ ပါးစပ်ပိတ် နေတဲ့အခါ အကုသိုလ်တရား မတိုးပွားဘူး ဆိုတဲ့အကြောင်း တွေကိုလည်း စာသံပေသံ ကျမ်းဂန် ကိုးကားချင် သူတွေကို ဆင်ခြေ ပေးလိုက်ချင်ပါတယ်။ ဘီယာ သောက်တယ် ဆိုတာကတော့  နှိုးစက်တစ်ခုလို့ ကျွန်တော်တို့ ၀ါဒက သတ်မှတ်ထားပါတယ်။ စောက်ရူး ယဉ်ကျေးမှုမှာ တိတ်ဆိတ်ခြင်းက တန်ဖိုးရှိပါတယ်။ သိမ်းဆည်းခြင်းက တန်ဖိုးရှိပါတယ်။ မြိုသိပ်ခြင်းက တန်ဖိုးရှိပါတယ်။ ဘယ်အရာ ကိုမဆို တတ်နိုင်သမျှ မြိုသိပ်ရင်း တိုးတိုး တိတ်တိတ် နေတတ် ကြပါတယ်။ အဲဒါတွေ များလာတဲ့အခါ နှလုံးသားဟာ မွန်းကြပ် လာပါတယ်။ ဘယ်လောက် မွန်းကြပ်နေပါစေ၊ သူ့အသိစိတ်ကြောင့် သူဟာ ဘယ်သူ့ကိုမှ မဖွင့်ပြော တတ်ပါဘူး။ အဲဒီအချိန်မှာ သူဘီယာ သောက်ဖြစ်ပါတယ်။ ဘီယာအရက် ဆိုတဲ့အရာဟာ မကောင်းမှန်း စောက်ရူးတွေက ခင်ဗျားတို့ထက် ပိုသိပါတယ်။ ဒါပေမယ့် အဲဒီလို သောက်လိုက် မိတဲ့အခါ သူ့စိတ်ကို ထိန်းချုပ် ထားတာတွေ အနည်းငယ် လျော့ပါးသွားတယ်။ အဲဒီအခါ သူနဲ့ အရမ်းခင်တဲ့ သူတစ်ယောက်စီမှာ အကန့်အသတ်ရှိတဲ့ ရင်ဖွင့်မှုတွေ လုပ်မိပါတယ်။ အဲဒီလို လုပ်မှ အနည်းငယ် စိတ်သက်သာရာ ရပါတယ်။ အဲဒါပြီးသွားချိန်မှာ နောက်လာမယ့် ခံစားမှုတွေအတွက် အဲဒီစောက်ရူးမှာ ခံစားစရာ နေရာနဲနဲ လစ်လပ်သွားပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ ဆေးလိပ်သောက် အရက်သောက် သူအချင်းချင်း အနေအထား မတူညီဘူးဆိုတာ သတိထားစေလိုပါတယ်။ နောင်တစ်ချိန် လူတစ်ယောက် ဆေးလိပ်သောက် အရက်သောက် နေတာတွေ့ ရင် လူကောင်းလား စောက်ရူးလားဆိုတာ သေသေချာချာ အကဲခတ်ပြီးမှ ဆုံးဖြတ် စေလိုကြောင်းပါ။

(၁၁)
စောက်ရူး တစ်ကောင်ရဲ့ နှလုံးသားဟာ သူများထက် ဖြူစင်ပါတယ်။ သူများအပေါ်မှာ မကောင်းတဲ့စိတ်ထား လုံးဝမရှိပါဘူး။ ခင်ဗျား လမ်းလျှောက် သွားရင်းနဲ့ နွံအိုင်တစ်ခုထဲမှာ အုန်းသီးတစ်လုံး တွေ့တယ် ဆိုပါစို့။ ခင်ဗျားလှည့်မကြည့်ဘဲ လမ်းဆက်လျှောက် သွားနိုင်ပါတယ်။ ပတ်ဝန်းကျင် အနေအထားကြောင့် ခင်ဗျားရွံရှာမယ် ဆိုရင်လည်း ရပါတယ်။ သူတို့တွေအတွက် ပတ်ဝန်းကျင်က အဓိက မဟုတ်ပါဘူး။ ခင်ဗျားက ကောက်ယူပြီး ခွဲကြည့်မယ်ဆိုရင် အဖြူရောင် အသားသက်သက်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ခင်ဗျား ရွံတယ်ဆိုတဲ့ ရွှံ့တွေ ပေကျံမနေပါဘူး။ သူတို့ရဲ့အပေါ်ယံဟာ သူများတွေ မစိမ့်ဝင် နိုင်လောက်အောင် မာတယ်ဆိုတာ ခင်ဗျားတို့ သိခဲ့မယ်ဆိုရင်ပေါ့။

(၁၂)
ဓါးဆိုတာ သွေးနေမှ ထက်တယ်တဲ့။ ဓါးအသစ် တစ်ချောင်းကို ကျွန်တော်သွေးပြီးရင်း သွေးနေမိပါတယ်။ ဘယ်သောအခါမှ အရင်အသစ် ကလောက် မထက်တော့တာကို ကျွန်တော် ၀မ်းနည်းစွာ ငေးနေမိပါတယ်။

(၁၃)
ကျွန်တော်က တော်မီရေမွှေးနံ့ကို မြတ်မြတ်နိုးနိုး ကြိုက်သူ ဖြစ်ပါတယ်။ အ၀တ်များကို လျှော်ဖွတ်ပြီးတိုင်း ထိုရေမွှေးကို ရေပုံး တစ်ခုအတွင်း အစက် သုံးလေးစက်ချကာ အ၀တ်များကို ထိုရေထဲမှာ ထည့်၍စိမ်ပြီး ရနံ့စွဲအောင်လုပ်တတ်သူလည်း ဖြစ်ပါတယ်။ တစ်ရက် အ၀တ်များကို ပုံးထဲထည့်ပြီး ရေပိုက်ကို ဖွင့်ချ ထားလိုက်တယ်။ မေမေလှမ်းခေါ်လို့ ခဏထားခဲ့ပြီး အပြင်ကို ထွက်ခဲ့ မိပါတယ်။ ပြန်ရောက်တဲ့ အချိန်မှာ ရေတွေအားလုံး ပြည့်လျှံကျနေပြီး ကျွန်တော့် ရေမွှေးနံ့လေးတွေလည်း အကုန်ပါသွားခဲ့ပါပြီ။ လောကမှာ အရာရာတိုင်းကို အကန့်အသတ်နဲ့ ပေးမှ ကျွန်တော် လိုချင်တာတွေ ဖြစ်လာမယ်ဆိုတာ စောက်ရူးတစ်ကောင်ရဲ့ ဒိုင်ယာရီမှာတိုးလာခဲ့ရတယ်။ ပေးဆပ်တာတွေ များလွန်းပြီး ပြည့်လျှံသွားတဲ့အခါ ကျွန်တော် ဘာတွေများ ရခဲ့ရပါသလဲ။

(၁၄)
ကျွန်တော်က ကိုယ့်ကိုကိုယ် ချိန်ကိုက်ဗုံး တစ်လုံးလို့ နာမည်ပေးထားပါတယ်။ ဘ၀ရဲ့ အချိန် တော်တော်များများမှာ သင်တို့အားလုံး ကျွန်တော့်ဆီမှာ ဒေါသဆိုတာကို တွေ့ရမှာ မဟုတ်ပါဘူး။ အမြဲပြုံးနေတတ်တဲ့ စောက်ရူး တစ်ကောင်ရဲ့ စိတ်ထားဟာ ချိန်ကိုက်ဗုံး တစ်လုံး ဖြစ်ပါတယ်။ သူပေါက်ကွဲရာ အချိန်မရောက်မချင်း သူဟာဘယ်လိုမှ မပေါက်ကွဲပါဘူး။ ဆိုကြပါစို့။ ကျွန်တော်က ရာခိုင်နှုန်း ၁၀၀ မှာ ပေါက်မယ့် ချိန်ကိုက်ဗုံး တစ်လုံးလို့ ဆိုကြပါစို့။ လူတစ်ဦး က ကျွန်တော့်ကို ထိုးတယ်။ ကျွန်တော် မပေါက်ကွဲသေးဘူး။ ဒါပေမယ့် ကျွန်တော်က အဲဒီအဖြစ်ကို ရာခိုင်နှုန်း ၃၀ လို့သတ်မှတ်တယ်။ နောက်တစ်ခါ ကောင်မလေး တစ်ယောက်က ကျွန်တော့်ကို စိတ်ညစ်စေတယ်။ ကျွန်တော်က ၄၀ ထပ်တိုးလိုက်တယ်။ ရ၀ ဖြစ်နေပြီ။ ကျွန်တော် မပေါက်ကွဲ သေးပါဘူး။ ဒီလိုနဲ့ တခုတခု ဖြစ်လာလိုက်တာ ၉၉ ရောက်လာပြီ ဆိုပါတော့။ အဲဒီအချိန်မှာ ဘာမဟုတ်တဲ့ ပြဿနာတစ်ခု ထဖြစ်တယ်။ ၁ ရာခိုင်နှုန်းပဲ ဖြစ်ပါစေ။ ကျွန်တော် ပေါက်ကွဲဖို့ အချိန်ရောက်သွားပြီ ဖြစ်ပါတယ်။ အခုဖြစ်တဲ့ ပြဿနာဟာ ဘာမှမဟုတ်ဘူးဆိုတာ ဟောဒီစောက်ရူးက လက်ခံပါတယ်။ ဒါပေမယ့် ၉၉ ဖြစ်နေခဲ့တဲ့ ကျွန်တော့်ရဲ့ ခံစားမှု တွေကိုတော့ လူကောင်းဆိုသူတွေ နားမလည်နိုင် ခဲ့ပါဘူး။ ကျွန်တော်က စောက်ရူး တစ်ကောင်ပါ။ လူကောင်းတွေနဲ့ ခြားနားချက်တွေ ရှိရင် နားလည်ကြပေါ့ ခင်ဗျား။

(၁၅)
ကျွန်တော် လျှောက်ခဲ့သော လမ်းမှားနေလျှင် ဂငယ်ကွေ့ ကွေ့ရန် သင်ကတကူးတက ခွင့်ပြုနေစရာမလိုပါ ဘုရားသခင်။

ငါ့လှေငယ်
လူမရှိသောကမ်းသို့ ငါ့ကိုဆောင်ယူပါ
ငါ့ညကိုငါမီးထွန်းမယ်
ငါ့ဂီတကိုငါသာနားထောင်မယ်
ငါ့ကဗျာကိုငါသီကျူးမယ်
ငါ့ဥယျာဉ်ကိုငါခုတ်ထွင်မယ်
တောင်လေလာပါ
မြောက်လေနှိုးပါ
ငါ့ဖြူစင်ခြင်းတိမ်ခိုးတို့ကို
မိုးစက်များစွာနဲ့အတူရွာချခွင့်ပြုပါ
အိပ်မက်တစ်ဆယ့်သုံး
အမှောင်ဖုံးနေခဲ့သောကမ္ဘာ
အာရုဏ်ချိန်မှာကွယ်ခဲ့သောအလင်း
အသက်ရှင်သန်နေထိုင်ခြင်းဆိုသောအဓိပ္ပာယ်
ငါနားမလည်နိုင်ခဲ့ဘူး

ငြီးငွေ့ခြင်းကဗျာမှ

ကျွန်တော် ….
စောက်ရူးတစ်ကောင်ဖြစ်ပါတယ်။ သင်တို့ပတ်ဝန်းကျင်မှာ မ၀င်ဆန့်ခဲ့ခြင်းအတွက် ဒီနေရာကနေတောင်းပန်လိုက်ပါတယ်။ ဤနာမည်ကို မည်မျှ ခက်ခက်ခဲခဲ ရယူခဲ့ရကြောင်း ကို အထက်မှာ သင်ဖတ်ရှုခဲ့ပြီးဖြစ်တဲ့အတွက် သင်ဟာ ဒီဘာသာဗေဒကို အတန်ငယ် နားလည်ပေးနိုင်ပါလိမ့်မယ်လို့ ကျွန်တော်က အနည်းငယ် မျှော်လင့်မိပါတယ်။

Technorati Tags: , ,

Technorati Tags: , ,

Advertisements

5 Comments

  1. Ann said,

    I can’t read this webpage on my computer. Could you like to give me some advice? I opened with Firefox and I installed Zawgyi font already. I have very few experience with Burmese fonts. Thanks for your time. Ann

  2. waipyo said,

    can’t read it either …. i can read other blogs using Zawgyi

  3. moetainkabyar said,

    အစ်ကိုရေ……….ကောင်းတယ်ဗျာ

  4. Z said,

    ခင်များဟာနဲ့ခင်များမှန်နေမှာပဲ…………………..

  5. kyawzay said,

    အစ်ကိုရေ…အရမ်းကောင်းတယ်ဗျာ…
    အမှန်တရားတွေကိုရေးထားတယ်လို့ထင်တယ်……
    ဒါဆိုကျွန်တော့်လိုခံယူချက်မျိုးအစ်ကိုတစ်ယောက်ထပ်တိုးလာပြီလို့ထင်တယ်……

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: