I dont believe US’ Sanction

March 4, 2006 at 8:43 am (Uncategorized)

ဒီနေ့ ဘီဘီစီနဲ့ ပီညဲရိုး မေးမြန်းချက်ကို နားထောင်လိုက်ရတယ်။ ဘီဘီစီက Sanction အကြောင်းမေးတာကို ပီညဲရိုး ဖြေသွားတာ အလွန် ပညာပါပါတယ်။ သူ့အနေနဲ့ မြန်မာပြည်ကို Sanction လုပ်တာ မှန်တယ် မမှန်ဘူး မပြောခဲ့ပါဘူးတဲ့၊ လုပ်သင့်တယ် မလုပ်သင့်ဘူး လို့လည်း ဘယ်တော့မှ ပြောမှာ မဟုတ်ပါဘူးတဲ့။ ကျွန်တော် နားထောင်ရင်း သဘောကျနေမိတယ်။ ဆင်ဝှေ့ရန်ရှောင် ပြောနည်းဆိုတာ ဒါမျိုးလို့ တွေးနေမိတယ်။ အိုကေ ကျွန်တော့် အမြင်ကို ဆွေးနွေးကြည့်မယ်။

Sanction ဆိုတာ အပြစ်ပေးခြင်း တစ်မျိုး ကန့်သတ်ခြင်း တစ်မျိုးလို့ ဆိုပါတော့။ မြန်မာပြည်ကို အမေရိကန်က Sanction လုပ်တာဟာ မှားယွင်းတယ်လို့ ကျွန်တော်ထင်တယ်။ ကုန်သွယ်မှုကို ပိတ်ပင်တယ်။ စီးပွားရေး ပိတ်ပင်တယ်။ အဲဒီအတွက် သူတို့က အစိုးရကို ဖိအားပေးနိုင်လိမ့်မယ်လို့ ယူဆ နေတာလည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခု ဖတ်ခဲ့တဲ့ စာတွေနဲ့ ယှဉ်ထိုးလိုက်တော့ အဲလို လုပ်တာဟာ ဘက်ပေါင်းစုံကနေ နိုင်ငံကို ပိတ်ပင် တားဆီးတဲ့အခါ ပြည်သူ ပြည်သားတွေ အကျပ်အတည်းတွေ တွေ့လာပြီး ဆူပူလှုံ့ဆော် လာအောင် လုပ်တဲ့ ကွန်မြူနစ် နည်းလို့ ကျွန်တော် မြင်ပါတယ်။ ကွန်မြူနစ်မှာ လူတန်းစား ၂ ရပ်ရှိတယ်။ ပညာတတ်ပြီး စဉ်းစား ချင့်ချိန်နိုင်စွမ်းရှိတဲ့ ကွန်မြူနစ်နဲ့ အစွန်းရောက် ကွန်မြူနစ် ဆိုပြီး ကျွန်တော် နှစ်မျိုး ခွဲထားတယ်။ ပထမ အမျိုးအစားက စီမံအုပ်ချုပ်ရေးနဲ့ ကွပ်ကဲညွှန်ကြားရေးကို တာဝန်ယူကြတာ တွေ့ရပြီး၊ ဒုတိယ အမျိုးအစား ကတော့ မိုက်ရူးရဲ တဇောက်ကန်း လုပ်တဲ့ သူတွေ ဖြစ်ပါတယ်။ မြန်မာပြည် ကွန်မြူနစ်များ ကြီးစိုးစဉ် ကာလမှာ တွေ့ရတာ ဒုတိယ အမျိုးအစားက အများဆုံး ဖြစ်ပါတယ်။ သတ်ရဲ ဖြတ်ရဲ သေရဲတယ် ဆိုတဲ့ အမျိုးအစားပါ။ အဲဒီအထဲမှာ နောင်နိုင်ငံ ခေါင်းဆောင် ဖြစ်လာတဲ့ သူတွေ ကတော့ လည်တယ်လို့ ဆိုနိုင်ပါတယ်။ သူတို့ဟာ တော်လှန်ရေး အတွက် ဒုတိယအမျိုးအစား ကေဒါတွေကို အသုံးချခိုင်းပြီး သူတို့ အာဏာ ရလာတဲ့အခါ သူတို့က လူထုနဲ့ အလိုက်သင့် ပြောင်းလဲ သွားကြပါတယ်။ အရပ်သုံးစကားနဲ့ ဆိုရင် လက်ကိုင်တုတ် မွေးတာနဲ့ အတူတူပါပဲ။ ယနေ့ တရုတ်ပြည် မူဝါဒဟာ အဲဒါမျိုး ဖြစ်ပါတယ်။

မြန်မာပြည်ကို အီးယူနဲ့ အမေရိကားက Sanction လုပ်တာဟာ တကယ်ရော ထိရောက်ပါသလား။ ဥပမာ အလုံပိတ်ထားတဲ့ အိုးနဲ့ ရေနွေးကျိုမယ် ဆိုရင်တော့ အဲဒီအိုးက ပေါက်ကွဲကောင်း ပေါက်ကွဲ နိုင်ပါတယ်။ အပေါက် ရှိနေမယ် ဆိုရင်တော့ ပေါက်ကွဲမှာ မဟုတ်ပါဘူး။ အီးယူနဲ့ အမေရိကားက စီးပွားရေး ပိတ်ပင်တဲ့အတွက် ကျွန်တော်တို့ နိုင်ငံက သူတို့နဲ့ ကုန်သွယ်ခွင့် မရတဲ့တော့ ပတ်ဝန်းကျင် နိုင်ငံတွေနဲ့ပဲ ကုန်သွယ်ရပါတော့တယ်။ အဲဒီအခါ မြန်မာတွေ အနောက်တိုင်း ကုန်စည်တွေကို မသုံးရတော့ဘူးပေါ့။ မသုံးရလို့ အခက်အခဲ ဖြစ်သွားလား ဆိုတော့ ဘေးမှာက အင်အားကြီး China နဲ့ India ကရှိနေတယ်။ ခေတ်မီတဲ့ ယိုးဒယားနဲ့ လည်း ကုန်သွယ်နေဆဲပဲ။ အဲဒီ နိုင်ငံတွေကနေ ကျွန်တော်တို့ လိုအပ်တာတွေ ရနေတယ်။ အမေရိကားမှာ ပေါ်တဲ့ အရာကို တဆင့်ခံပြီး ကျွန်တော်တို့ ၀ယ်ယူလို့ ရနေတယ်။ အဲလိုမဟုတ်ရင် တရုတ်၊ ယိုးဒယား၊ ကုလား ထုတ်ကုန်တွေကို ကျွန်တော်တို့ သုံးစွဲလို့ ရနေဆဲပဲ။ ဆိုလိုချင်တာက အဲဒီ Sanction ဟာ ကျွန်တော်တို့ အပေါ်မှာ လုံအောင် ပိတ်မထား နိုင်ဘူးလို့ ဆိုလိုချင်တာပါ။ အဲဒီအခါ ကျွန်တော်တို့ ပြည်သူ ပြည်သားတွေပဲ ဒုက်ခ ရောက်ရတာပါ။ အဆင့်မမီ ဖြစ်ရတာပါ။ အများစုဟာ Made in Thailand သုံးကြရတယ်။ Made in China သုံးကြရတယ်။ ပိုက်ဆံရှိသူ လက်တစ်ဆုပ် ကသာ တဆင့်ခံ နိုင်ငံတွေကနေ အနောက်တိုင်း ကုန်စည်တွေကို သုံးစွဲခွင့် ရပါတော့တယ်။ နိုင်ငံ GDP ကိုကြည့်ရင်လည်း တကယ်တမ်း ၁၀၀ တန်တဲ့ ကုန်စည်ကို ကျယ်ကျယ်ပြန့်ပြန့် ရောင်းချ တင်သွင်းခွင့် မရတဲ့အခါ ၇၀ နဲ့ ရောင်းရမယ်။ လိုအပ်တဲ့ ကုန်စည်အတွက် မတန်တဆဈေး ပေးရမယ်။ အဲဒီအခါ ကုန်ဈေးနှုန်း မတည်မငြိမ် ဖြစ်လာပါတယ်။ ဒီလိုနဲ့ တိုင်းပြည်ဟာ ယိုယွင်းလာရပါတယ်။

အမေရိကန်က မြန်မာကို Sanction လုပ်ထားတာ အခုဆို ဆယ်စုနှစ် ၁ ခုကျော်လို့ လာခဲ့ပါပြီ။ သူတို့ လိုချင်တဲ့ ကွန်မြူနစ်ဆန်ဆန် ပြည်သူတွေ ပေါက်ကွဲဆန့်ကျင်တဲ့ လုပ်ရပ်ဟာ ဒီဆန်းရှင်းကနေ ဖြစ်မလာနိုင်ပါဘူး။ ပြည်သူတွေ အဆန့်အတန်း ပိုပြီး နိမ့်ကျအောင် လုပ်တာလို့ ကျွန်တော်က မြင်ပါတယ်။ နောက်ဆယ်နှစ် ထပ်လုပ်လည်း မြန်မာတွေက တရုတ်၊ အင်ဒိယနဲ့ ယိုးဒယားကို အားကိုးလို့ ရနေဆဲပါ။ အဲဒါကြောင့် ကျွန်တော်ကတော့ ဒီဆန်းရှင်းလုပ်တယ် ဆိုတဲ့ အရာကို လုံးဝ အယုံအကြည် မရှိပါဘူး။ လူသားချင်း စာနာတတ်တယ်ဆိုတဲ့ အမေရိကန်ဟာ ဒီမူဝါဒကို လက်ကိုင်ထားတာ ကျွန်တော် အံ့သြလို့ မဆုံးပါဘူး ခင်ဗျား။ သူတို့သာ တကယ်တမ်း စာနာတယ်ဆိုရင် ဒီပေါ်လဆီကို ပြန်လည် သုံးသပ် သင့်ပါတယ်။ ဆန်ရှင်း အလုပ် မခံရဘဲ မြန်မာပြည်ဟာ ကိုယ့်ဘာသာ ကိုယ်တောင် တံခါးပိတ် နေခဲ့သေးတာ၊ အခုလို အင်အားကြီး နိုင်ငံသုံးခုရဲ့ အလယ်မှာ ကြားနေ နေနိုင်သရွေ့ ကတော့ ဆက်လက်ပြီး အသက်ရှူ ချောင်နေဦးမှာပဲလို့ ကျွန်တော် ယုံကြည်မိပါတယ်ခင်ဗျား။


Tags : Sanction , Idea

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: