ကျွန်တော်တို့ ငယ်ငယ်က

February 25, 2006 at 2:57 am (Uncategorized)

ကျွန်တော်တို့ ငယ်ငယ်က ကလေးဘ၀က သိပ်ကို ပျော်ဖို့ ကောင်းပါတယ်။ လွတ်လွတ် လပ်လပ် ဆော့ကစားလို့ ရတယ်။ ဆော့စရာ ကွင်းပြင် ကျယ်ကြီးတွေ ကလည်း နေရာအနှံ။ ကားတွေ လူတွေလည်း ရှုပ်ထွေးခြင်း မရှိ။ ဆော့စရာ နည်းလမ်းတွေ ကလည်း အဖုံဖုံ။ ကျွန်တော်နဲ့ ရွယ်တူက ခုနှစ်ယောက်လောက် ရှိပါတယ်။ နွေရာသီဆို ကျွန်တော်တို့ လက်ပံပွင့်တွေ လိုက်ကောက်ကြတယ်။ လက်ပံပွင့် တွေက ခြောက်အောင် လှမ်းပြီးရင် သုတ်စားလို့ ရတယ်။ ဟင်းချက်စားလို့ ရတယ်။ ကျွန်တော်တို့က အလယ်က ၀တ်ဆံ ရှိတဲ့ အူတိုင်လေးတွေကို ဖြုတ်ပြီး သားရေကွင်းနဲ့ တွဲပြီး ပစ်တမ်း ကစားကြပါတယ်။ အဲဒီရာသီဟာ အလွန်လှပါတယ်။ လက်ပံပင်တွေက ပေါလွန်းတော့ နေရာအနှံ့ ကြည့်လိုက်ရင် ရဲရဲတောက်နေတာပါပဲ။ ကျွန်တော်က လက်ပံပွင့်လေးတွေ တ၀ဲဝဲ ကျနေတာကို တွေ့ရင် သိပ်နှစ်သက်ပါတယ်။ ပျော်လည်း ပျော်ပါတယ်။ လက်ပံပွင့်တွေစားပြီး ခွေးတွေ ရူးကြတယ်ဆိုလည်း ကျွန်တော်တို့က မကြောက်ပါဘူး။ သူငယ်ချင်းတွေ စုပြီး သွားကြ။ လက်ပံကောက်ကြ နဲ့ အမှတ်တရ ရက်စွဲတွေပါပဲ။ မိုးဦးကျပြီ ဆိုရင် ကျွန်တော်တို့က ကစားနည်း ပြောင်းကြပါတယ်။ ကျွန်တော်တို့ အရပ်မှာ ကတ္တီပါကောင်လို့ ကျွန်တော်တို့ ခေါ်ကြတဲ့ အကောင်နီနီလေးတွေ ရှိတယ်။ အင်္ဂလိပ်လို၊ သိပ္ပံလို တော့ ဘယ်လိုခေါ်တယ် ကျွန်တော် မသိဘူး။ မိုးဦးကျလို့ မြက်လေးတွေ ထွက်လာပြီဆိုရင် သူတို့က အဲဒီအထဲမှာ ပုန်းအောင်း နေတတ်ကြတယ်။ ကျွန်တော်တို့က အဲဒီ အကောင်လေးတွေကို ဂရုတစိုက် လိုက်ဖမ်းကြ ရပါတယ်။ ကတ္တီပါကောင်ဟာ နာမည်နဲ့ လိုက်အောင် နီရဲပြီး အမွှေးနုနုလေးတွေ တစ်ကိုယ်လုံးကို ဖုံးနေပါတယ်။ လက်သည်း ခွံလောက်ရှိပါတယ်။ သူတို့ဟာ မြန်မြန်လည်း မပြေးနိုင်ကြပါဘူး။ ဒါပေမယ့် သူတို့ကို ရှာတွေ့ဖို့ က ခက်ပါတယ်။ ကျွန်တော်တို့က အဲဒီအကောင်လေးတွေကို တွေ့ပြီဆို မြက်လေးတွေ ထည့်ထားတဲ့ ပုလင်းထဲ ထည့်ပြီး မွေးထားကြပါတယ်။ ပြီးရင် အဲဒီအကောင်လေးတွေကို အပြေးပြိုင် ခိုင်းပါတယ်။ သူတို့က နိမ့်ရာကနေ မြင့်ရာကို တက်ကြတဲ့ အကျင့် ရှိလေတော့ သစ်သားပြားလေးကို စောင်းပြီး သူတို့ကိုတင်၊ ပြီးရင် ကိုယ့်အကောင် သူ့အကောင် ဘယ်သူ ပန်းအရင် ၀င်တယ်ဆိုတာ ပြိုင်ကြ တာပါ။ ကြီးလာတော့မှ ဒါမျိုးလုပ်တာ မကောင်းဘူးဆိုတာ သိလာပေမယ့် ငယ်ငယ်က ကလေး ဘ၀နဲ့ အဲဒီကစားနည်းလေးတွေကို ယနေ့တိုင် မမေ့နိုင်အောင်ပါပဲ။ လွမ်းပါ၏ ငယ်ငယ်က အညာ။

Tag : Diary, NLS , Essay

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: