ဘယ်သူတွေ ငါ့ကို ပြောင်းလဲ စေခဲ့ကြသလဲ

January 28, 2006 at 7:27 am (Uncategorized)

ကျွန်တော့်ရဲ့ တက်ကသိုလ် ကျောင်းသားဘ၀ကို ပြန်စဉ်းစား မိတယ်။ နိုင်ငံရပ်ခြားမှာ စွန့်စားသွားလာပြီး ၀င်ငွေ ကောင်းနေတဲ့ ကျွန်တော်ဟာ ၂၀၀၁ ခုနှစ်မှာ မြန်မာပြည်ကို ပြန်ရောက်လာတယ်။ ကျောင်းတွေ ပိတ်ထားလို့ နိုင်ငံခြား ရောက်နေစဉ် ကာလမှာ အလုပ်ကြမ်းတွေလည်း လုပ်ခဲ့ရတယ်။ ရေခဲမှတ်အောက် ရောက်နေတဲ့ ရာသီတစ်ခုမှာ အလုပ်လုပ်နေတုန်း မြန်မာပြည်မှာ ဆေးကျောင်းတွေ ဖွင့်ပြီလို့ သူငယ်ချင်းက ဖုန်းဆက်တဲ့ အခါ ကျွန်တော်ဟာ ရှိုက်ကြီးတငင် ငိုခဲ့ရတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆေးအမှတ် မမှီခဲ့တဲ့ ကျွန်တော်ဟာ တစ်ခါတုန်းက ဆရာဝန် ဘ၀ကိုလည်း မျှော်လင့်ခဲ့ ဖူးပါတယ်။

ဒီလိုနဲ့ အမေ့ရဲ့ တက်ကသိုလ် ပုံပြင်တွေ၊ စာအုပ်တွေထဲက ကျောင်းသားဘ၀တွေ၊ ကံ့ကော်ရနံ့တွေကို အိပ်မက်မက်ရင်း ကျွန်တော် တက်ကသိုလ်ကျောင်းသား ဘ၀ကို ရယူမယ်လို့ စိတ်ကူးခဲ့တယ်။ ပြီးတော့ နိုင်ငံရေး ကျိုးပမ်းမှု မှာ ပညာရှင် တစ်ယောက်အနေနဲ့ ကျွန်တော် ပါဝင်ချင်တယ်။ သူတကာ ပြောနေတဲ့ နိုင်ငံရေး လုပ်တဲ့ သူတွေထဲမှာ နိုင်ငံခြားမှာ ကျောင်းသွားတက်ပြီး မြန်မာ့ တက်ကသိုလ်ကို ကိုယ်တိုင်မတက်ဘူးတဲ့ သူတွေကို ကျွန်တော်က အထင်မကြီးဘူး။ အတွေ့အကြုံ မရှိဘူးလို့ မြင်တယ်။ ခေတ်ကို ပြန်ကြည့်ရင် ထင်ရှားခဲ့တဲ့ မြန်မာအမျိုးသားတွေ အကျိုးကို ရှေးရှုခဲ့တဲ့ ပညာရှင်တွေ တိုင်းဟာ မြန်မာပြည်မှာ တက်ကသိုလ် ကျောင်းသားဘ၀ကို ဖြတ်သန်းဖူးကြတယ်။ အဲဒါကြောင့် ကျွန်တော်က ကွန်ပြူတာ တက်ကသိုလ်ကို တက်ခဲ့တယ်။

ကျောင်းတက်တာ အနည်းငယ် နောက်ကျ ခဲ့ပေမယ့် ပရိုဂရမ်းမင်းဆိုတဲ့ ဘာသာရပ်တစ်ခုက ဖမ်းစားတဲ့အခါ ကျွန်တော်ဟာ အရမ်းကို စွဲမက်ခဲ့ပြီး နေ့မအိပ် ညမအိပ် လေ့လာခဲ့ပါတယ်။ သူရ လို့ ခေါ်တဲ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်နဲ့ ကျွန်တော်ဟာ အမြဲဆွေးနွေး တိုင်ပင်ရင်း အဲဒီဘာသာရပ်ကို တော်တော်လေး လိုက်စား ဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ကံမကောင်းခဲ့ဘူး။

တစ်နေ့မှာ ကျွန်တော်တို့ နှစ်ယောက် ပရိုဂရမ် တစ်ပုဒ်ရဲ့ လော့ဂျစ်ကို စဉ်းစားကြတယ်။ စဉ်းစားရင်းနဲ့ အကြံတစ်ခု ရပြီး ကျွန်တော်တို့ ဆရာဆရာမတွေဆီမှာ သိချင်တာတွေ မေးပြီး ကြံစည်ခဲ့ကြတယ်။ အဲဒါက ဘာလည်း ဆိုတော့ Security Card လို့ ခေါ်တဲ့ System တစ်ခု အကြောင်းပါ။ နိုင်ငံခြားမှာ ယခုတိုင် သုံးစွဲနေကြတဲ့ သတ်မှတ်ထားတဲ့ ကဒ်ထည့်လိုက်ရင် တံခါးတွေ အလိုလို ပွင့်သွားတဲ့ System မျိုးပါ။ အဲဒါအတွက် ကျွန်တော်တို့ နှစ်ဦးဟာ အဲဒီအချိန်က ပရိုဂရမ်းမင်းဘက်မှာ အလွန်တော်တယ် ဆိုတဲ့ ဆရာတစ်ဦးထံမှာ ရေးထားတဲ့ ပရိုဂရမ် အကြမ်းလေးနဲ့ လောဂျစ်ကို သွားရှင်းပြပြီး အကြံတောင်းခံခဲ့ပါတယ်။

မှတ်မှတ်ရရ အဲဒီနေ့က အဲဒီဆရာဟာ ကောင်မလေး တသိုက်နဲ့ ကျောင်းကင်န်တင်းမှာ စကား ၀ိုင်းဖွဲ့နေချိန် ဖြစ်ပါတယ်။ ကျွန်တော်တို့က ဆရာ့ဆီမှာ ခွင့်တောင်းပြီး ကျွန်တော်တို့ စိတ်ကူးလေးတွေကို တင်ပြပါတယ်။ အဲဒီဆရာဟာ ဘာပြောတယ် ထင်ပါသလဲ။ ဒီစနစ်ဟာ နိုင်ငံခြားမှာ ရှိပြီးသားတဲ့ မင်းတို့ ပရိုဂရမ်ကို အကောင်အထည် ဖော်လို့ ကုန်ကျ စရိတ်က အဲဒါကို ၀ယ်တာထက်တောင် ပိုအကုန်အကျ များနေလိမ့်မယ်တဲ့။ အဲလို ပြောပြီး ကျွန်တော်တို့ကို ရယ်လွှတ်လိုက်တယ်။ ကျွန်တော်ဟာ ဒေါသထွက်လွန်းလို့ ရှက်လွန်းလို့ အဲဒီ စာရွက်တွေအားလုံးကို အစိတ်စိတ် အမွှာမွှာ ဖြဲပစ်လိုက်ပါတယ်။ တပည့်တစ်ယောက်ရဲ့ ကွန့်မြူးနေတဲ့ စိတ်ကူးတွေကို အားမပေးဘဲ ချိုးနှိမ်ရက်လေခြင်း ဆိုပြီးလည်း အရမ်း နာကျည်းသွားခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းမှာ ကျွန်တော်တို့ အမြင်တွေ ပြောင်းသွားတယ်။

ကျွန်တော်ဟာ ကျောင်းကို တက်သာတက်နေခဲ့တယ်။ ကျောင်းကို ချစ်လျက်နဲ့ စိတ်နာခဲ့တယ်။ အဲဒီလို ဆရာမျိုးတွေကို စိတ်နာခဲ့တယ်။ တကယ်ဆို သူဟာ ကျွန်တော်တို့ကို အားပေးသင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အယူအဆ မှားနေဦးတော့၊ သူက အကြံသစ်ကို ပေးသင့်ပါတယ်။ လမ်းညွှန်သင့်ပါတယ်။ အဲဒါကတော့ ကျွန်တော့်ရဲ့ ကွန်ပြူတာ ပညာရှင် ဖြစ်ချင်တဲ့ စိတ်လေးကို မျိုးတုန်းအောင် လုပ်ခဲ့တဲ့ ဆရာဆိုတဲ့ ပထမ လူတစ်ယောက် ဖြစ်ပါတယ်။ ဒုတိယ တစ်ယောက် ကျန်ပါသေးတယ်။ သူကတော့ အပြင်က နာမည်ကြီး ကွန်ပြူတာ ရှေ့ဆောင် ဆရာကြီး တစ်ဦးပါ။

Essay

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: